Cultural Festivals ယဥ်ကျေးမှုပွဲတော်များ

Thanakha Festival သနပ်ခါးပွဲတော်

သနပ်ခါးလိမ်းခြယ် အလှအယဉ် ပြိုင်စို့ကွယ် ပန်းချီ ဓါတ်ပုံ ဂီတလည်း စုံတယ်


ဆင်ယင်မှုပွဲတော်

ဆင်ယင်မှုပွဲတော်နဲ့ ပတ်သတ်ပြီးတော့ “ခုလို လူထုအမှတ်သညာပွဲတော်ကျင်းပတဲ့ပွဲမှာ ကရင်ပြည်နယ်ရဲ့ ကျွန်မတို့မမှီခဲ့တဲ့ ကာလကပုံတွေကိုပြသမယ်လို့သိရပါတယ်။ ဒီလို ကျင်းပပေးတဲ့အတွက် အရင်ခေတ်ကျွန်မတို့ မသိခဲ့တဲ့ ကရင်ပြည်နယ်အကြောင်း ကရင်တွေအကြောင်း ကိုသိရမယ်။ ကိုယ့်တိုင်းရင်းသားရိုးရာ ချည်ထည်တွေနဲ့ ဆင်ယင်မှုပြိုင်ပွဲလုပ်တယ်ဆိုတော့ ကိုယ့် လူမျိုးရဲ့ ရိုးရာအဆင်တွေကျု ဒီလို ဆန်းသစ်ပြီးလည်း ချုပ်လို့ရတယ်လို့သိရတာပေါ့။ ဒါပေမယ့် ကိုယ့်ရိုးရာအဆင်ကို အမြင်ရိုင်းအောင်တော့ မထွင်စေချင်ဘူးပေါ့။ ပွဲမှာပါဝင်ဖျော်ဖြေခွင့်ရတဲ့အတွက်အထူးဘဲဝမ်းမြောက်မိပါတယ်။ ဖျော်ဖြေခွင့်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။”ဟု အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။


ထားဝယ်ရိုးရာမေ

ဓလေ့အတွေ့ တစ်နေ့မမေ့ ထားဝယ်ရိုးရာမေတို့နေ့ ထားဝယ်ရိုးရာမေပြိုင်ပွဲဟာ တမနက်ခင်းလုံးမိုးတွေရွာနေခဲ့ပေမယ့် မိုးကာတွေဝတ် ပြီး ဆိုင်ကယ်တွေစီးရင်း ပြိုင်ပွဲဝင်တွေ တဖွဲဖွဲရောက်ရှိလာပါတယ်။ စိတ်အားတက်
ကြွတဲ့ကလေးငယ်တွေ သနပ်ခါးဖွေးဖွေးနဲ့ ချစ်စရာ မြင်တွေ့ရပြီး ထားဝယ်မြို့တော်ခန်းမကြီးဟာ အသက်ဝင်လာပါတော့တယ်။ အမှတ်တရလက်မှတ်ထိုးတဲ့ နေရာမှာလည်း ခံစားချက်တွေ အမျိုးမျိုးရေးကြလေရဲ့။ ရင်ခုန်သံတွေက အက္ခရာလေးတွေ ဖြစ်လာကြတယ်ထင်ပါရဲ့။
ပွဲစဉ်တစ်လျောက်မှာ သနပ်ခါးပြိုင်ပွဲဆိုပေမယ့် စိတ်ဝင်စားစရာ အစီအစဉ်တွေ များလွန်းတယ်။ နှစ်် ၇၀ လောက်ပျောက်ဆုံး
ပြီး လူရှေ့မရောက်ခဲ့ဘူးဆိုတဲ့ ထားဝယ် ယန်းအကဟာ သိမ်မွေ့မှုနဲ့အတူ ခေတ်မှီမြန်ဆန်တဲ့ စည်းချက်နရီနဲ့လည်း လိုက်ဖက်နေတာတွေ့ရတယ်။ ယန်းအကအဖွဲ့ များများပေါ်ပါစေလို့ ဆုတောင်းမိတယ်။ ယန်းအဖွဲ့ရဲ့ ပြန်လည်ဖော်ထုတ်ခဲ့တဲ့ ပညာရှင်တစ်ဦးဖြစ်တဲ့ ဆရာစိုးက ထားဝယ်ရိုးရာမေပွဲ စိတ်ကူးကို တန်ဖိုးထားကြောင်း ပြောခဲ့ပါတယ်။ ဖွင့်ပွဲမှာ ဘင်ခရာနဲ့စတယ်။ တစ်ချိန်က ဘင်ခရာဆိုတာ အာဏာရှင်တို့လက်စွဲပေါ့။ အခုတော့ လူထုလက်စွဲ ဖြစ်စေချင်တယ်။ အနုပညာ ဝါသနာ မွေးဖွားရာ တီးဝိုင်းတွေ ဖြစ်ကြလို့ပါ။ ကျေးဇူးတင်စရာကောင်းပါတယ်။ အားလုံး ကြက်သီးထကြရတယ်။
မနက်တခင်းလုံး သနပ်ခါးအဖွေသားနဲ့ ဓါတ်ပုံတွေ ရိုက်ကြတာကတော့ ပသာဒအဖြစ်ဆုံး မြင်ကွင်းတွေပါ။
အဲ့ဒီကတည်းက ရင်ထဲမှာစွဲနေစေခဲ့တာက အဆင်အကွက် အင်မတန်လှတဲ့ ထားဝယ်ရိုးရာ အထည်တွေကို အပြိုင်အဆိုင် ဒီဇိုင်းထုတ် ဝတ်စားကြတာ ကြည့်လို့အကောင်းဆုံးနဲ့ စိတ်ကူးအကြွယ်ဆုံး ဟန်ပန်တွေမြင်ရတာ ရှုမငြီးနိုင်အောင်ပဲ။ မကြာခင် ကမ႓ာက မြင်ရမယ်လို့ထင်တယ်။ ဒီဇိုင်းတွေ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် မှတ်ပုံတင်ကြဖို့လိုတယ်။ ဒီလိုမြင်ကွင်းမျိုးကြောင့် ဒီလိုဒုက္ခခံရတာ အားထုတ်ရတာ အပြောခံရတာတွေ တန်တယ်လို့ထင်ပါတယ်။
ပြပွဲကပေးခဲ့တဲ့ အနာဂတ်အတွက် ကတိတွေအများကြီးလို့ ထင်ပါတယ်။ Dream Riders အဖွဲ့ရဲ့ အဆင့်အတန်းရှိတဲ့ ဂီတ ဦးရွှေရိုးအက ကိုသန်းဝင်းရဲ့ မိသားစု သနပ်ခါးပြကွက် ကလေးငယ်တို့ရဲ့ မြနန္ဒာ အကတို့ဟာ မျှော်လင့်ချက်ခွန်အားတွေဖြစ်စေပါတယ်။ ကြည်လင်မှုနဲ့ စိတ်ခွန်အားကို မြင်ရလို့ပါပဲ။
တကယ်တော့ ထားဝယ်ကိုရောက်မှ အရေပြားကိုလိမ်းတဲ့ အပွေးအခေါက် အသားသနပ်ခါးလို လိမ်းချယ်ပုံမျိုးစုံ ရှိမှန်းသိတာပါ။ ကရမက် နံသာနီ တောင်နံကြီး သစ်နို့ စတဲ့ ဓလေ့မှာ စုံလင်တဲ့ အလှအရသာတွေ တွေ့ရပါတယ်။ ပွဲစည်အောင်အားဖြည့်ပေးခဲ့ကြတဲ့ မဟာစံနဲ့ မလိငပိ အဖွဲ့တို့ကို အထူူးကျေးဇူးတင်ပါတယ်။ ဒီပြိုင်ပွဲမှာ အအောင်မြင်ဆုံးလို့ ယူဆရတာက ကလေး လူကြီး ပြိုင်ပွဲဝင် ၁၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြတာပါပဲ။
ဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ ကိုယ့်ရိုးရာဓလေ့ကို ကိုယ်စားပြု ပြီး တင်ဆက်ရတဲ့ ပွဲတော်ဟာ ကျေနပ်စရာအကောင်းဆုံးဆု ကြည်နူးစရာအကောင်းဆုံး ပုံရိပ်တွေ ဖြစ်လာပါတယ်။